ဖတ်ကြည့်လို့ အကျိုးမရှိတဲ့ စာများအတွက် အချိန်ကုန်နေမယ်ဆိုရင်
အောက်ပါ အကြောင်းအရာလေးများကို အနည်းငယ်လောက် ဖတ်ကြည့်ပါလို့
တိုက်တွန်းပါရစေ။ ကျနော်တို့ထက်ဆိုးရွားတဲ့ အခြေအနေများစွာနဲ့
ကျနော်တို့ထက်ကျော်လွန်အောင်မြင်သွားသူတွေ အကြောင်းပေါ့။
လျှောက်နိုင်လွန်းသူ
" လူငယ်တွေ ကျောင်းမနေရ၊
အလုပ်အကိုင်မရကြတော့ သူခိုးသူဝှက်ဖြစ်သူဖြစ်၊ လူဆိုးလူမိုက်ဖြစ်သူဖြစ်နဲ့
တိုင်းပြည်ကို နှောက်ယှက်ဖျက်ဆီးကြတယ်။ အဲ့သည်လို လူငယ်တွေထဲမှာ ကျနော်
မပါစေရဘူး။ ကျနော့် ဘဝကောင်းအောင် တိုးတက်အောင်လုပ်ရမယ်။ အဲ့ဒီ့အတွက်
ကျနော် ဘယ်သွားရမလဲ၊ ကျနော်ဘာလုပ်ရမလဲ၊ မဖြစ်မနေ ကျနော်သွားမယ် ကျနော်
လုပ်မယ်၊ ကျနော် ကြိုးစားမယ် " ဒီစကားကို ပြောခဲ့သူက 1958
ခုနှစ်လောက်တုန်းက တနိုင်ငံလုံးလူဦးရေ (၃)သန်းရှိပြီး တနိုင်ငံလုံးမှာ
တက္ကသိုလ်ဘွဲ့ရ ပညာတတ်(၂၂)ဦးသာရှိတဲ့ အာဖရိကတိုက်ရဲ့ ညာဆင်လင်းဒေသ(
ယနေ့ခေတ် မော်လဝီ(MALAWI)နိုင်ငံ)မှာ နေထိုင်တဲ့ လူမည်းလေး လက်(ဂ)ဆင်
ကာယီးရားပဲ ဖြစ်ပါတယ်။ သူက ဘယ်သူလဲ။ ဘာမို့လို့ ဒီစကားပြောနိုင်ရတာလဲ။
အဲဒီတုန်းက သူကိုယ်တိုင် မသိတဲ့ သူ့အ သူ့အသက်က (၁၈)လား(၂၀) လားပဲ။ သူသိတာက
သူပညာတတ်ချင်တာ၊ တက္ကသိုလ် ပညာသင်ချင်တာ။ တက္ကသိုလ်တက်ချင်တဲ့ သူဟာ
ပထမဦးဆုံး မူလတန်းကျောင်းသွားတက်တဲ့နေ့က ကျောင်းက သူ့ကိုလက်မခံဘဲ
ပြန်လွှတ်ခြင်းကို ခံလိုက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကိုယ်ပေါ်မှာ
အဝတ်အစား ပါမလာလို့။ သူ့ဘဝက အဲ့သည်လောက်အထိ ဆင်းရဲနုံချာတာ။
အိမ်ပြန်လွှတ်လိုက်တယ်ဆိုလို့ အိမ်နဲ့ကျောင်းနဲ့က နီးသလားဆိုတော့
(၈)မိုင်လောက်ဝေးတယ်။ (၈)မိုင်ခရီးကို သူဘယ်လို လာခဲ့ရလဲဆိုတော့ “
လမ်းလျှောက်” ။
ဒီလို အလွန်ခက်ခဲတဲ့ အနေအထားမှာပဲ သူဟာ မူလတန်းကို
ပြီးမြောက်အောင်မြင်အောင် တတ်နိုင်ခဲ့တယ်။ မူလတန်းပြီးတော့ Karonga
မြို့ရဲ့ သာသနာပြု အထက်တန်းကျောင်းသို့ တက်ခွင့်ရခဲ့တယ်။ အမေရိကားတဲ့လား
အဲသည့်မှာတင်ပဲ သူဟာ ဘဝတသက်တာလုံးမှာ
ကျောင်းတက်ချိန်(၁၂)လပဲ ရှိခဲ့တဲ့ အမေရိကန် သမ္မတ အေဗရာဟင် လင်ကွန်း
(Abraham Lincoln) အကြောင်း၊ ကျွန်မိဘများက မွေးဖွားလို့ မွေးကတည်းက
ကျွန်လူမည်းလေး ဖြစ်ခဲ့ရတဲ့ဘဝကနေ ကမ္ဘာကလေးစားရတဲ့
လူမည်းခေါင်းဆောင်တစ်ဦးဘဝသို့ တက်လှမ်းနိုင်ခဲ့တဲ့ (Booker Taliaferro
Washington)
အကြောင်းတွေကို သူသိလာခဲ့ရတယ်။ သိလာတာနဲ့အမျှ
သည်ပုဂ္ဂိုလ်ကြီးတွေကို အလွန်အားကျခဲ့တယ်။ သူတို့လို အဖက်ဖက်က
မပြည့်စုံတဲ့ကြားက ထိပ်ဆုံးရောက်အောင် လိုလုပ်စိတ်များဟာလည်း တနေ့တခြား
ပြင်းပြလာခဲ့တယ်။
ဘယ်လောက်များ ပြင်းပြလိုက်လဲဆိုရင် အဲဒီ့အချိန်မှာ
သူချလိုက်တဲ့ဆုံးဖြတ်ချက်က လူမည်းလေးတွေအတွက် ပညာတတ်ဖို့ အခွင့်အလန်းနဲ့
တက်လမ်းတွေ ရှိနေတဲ့ အမေရိကားမှာ တက္ကသိုလ်သွားတက်မယ်ဆိုပဲ။ သူရှိတဲ့အရပ်နဲ့
အမေရိကားဟာ တိုက်ကြီးတတိုက်လုံးခြားနေမှန်း၊ သမုဒ္ဒရာကြီးခြားနေမှန်း
သူအသေးစိတ်မသိပေမယ့် ဝေးမှန်းတော့ သိတယ်ပေါ့လေ။
သူဆုံးဖြတ်ချက်ချတဲ့အချိန်မှာ
သူ့မှာ ပိုက်ဆံတပြားမှ မရှိဘူး၊ အဆက်အသွယ် တယောက်မှ မသိဘူး။
အဝတ်အစားဆိုလို့တောင် နေ့စဉ်ကျောင်းတက်နေတဲ့ တစုံက လွဲလို့ မရှိဘူး။ သူ့မှာ
ရှိတာ တခုတည်းရယ်။ အဲ့ဒါကတော့ ပြင်းပြတဲ့စိတ်ဓါတ်။
ဒါနဲ့ပဲ သူ့အမေဆီမှာ
ခွင့်တောင်းတော့ သူ့အမေကလည်း အသာတကြည်ပဲ သွားတက်ခွင့်ပေးပါတယ်။
တကယ်တမ်းကျတော့ အမေကိုယ်တိုင်ကလည်း အမေရိကားဆိုတာ ဘယ်မှာမှန်းမသိပါ။
နည်းနည်းခရီးဝေးမယ်လို့ တွက်ဆပြီး လမ်းမှာစားဖို့ သားအတွက် ပြောင်းဖူးမှုန့်
လေးငါးရက်စာတောင် ထည့်ေးလိုက်ပါသေးတယ်။
စလျှောက်ပြီ
ဒီလိုနဲ့ပဲ
၁၉၅၈ အောက်တိုဘာလမှာ သူ့ရဲ့ အမေရိကန်ပြည်ထောင်စုသို့ လမ်းလျှောက်ပညာရေး
ခရီးစဉ်ကြီးကို သူတဦးတည်း ဖိနပ်မပါဘဲ စတင်ခဲ့တယ်ဆိုပါတော့။ သူ့ခေါင်းထဲမှာ
တွက်ထားတာကတော့ သူရှိနေတဲ့နေရာကနေ မြောက်ဘက်အတိုင်း လျှောက်သွားရင်
အီဂျစ်ပြည်ရှိတယ်။ အီဂျစ်ပြည်(ကိုင်ရိုမြို့)ကနေ အမေရိကားကိုသွားတဲ့
ကုန်သင်္ဘောတစီးစီးနဲ့ လိုက်ပြီး သမုဒ္ဒရာကိုဖြတ်ဖို့ စိတ်ကူးထားတယ်။
သူအိမ်ကထွက်ပြီး (၃)ရက်အကြာမှာ ညာဆာလင်းနယ်နမိတ်ကို ကျော်လွန်ပြီး
တန်ဇန်းနီးယားပြည် (Tanzania)ကို ရောက်တယ်။ အဲ့သည့်တုန်းက
တန်ဇန်းနီးယားနယ်စပ်တဝိုက်ဟာ နယ်မြေ ရိုင်းတယ်။ကြမ်းတယ်။ သူဟာ
မြက်ရိုင်းလွင်ပြင်တွေကို ဖိနပ်မပါဘဲ ဖြတ်ခဲ့ရတယ်။ အာဖရိက
တောဆင်ရိုင်းတွေကို နေ့နေ့ညည သတိထားရှောင်ရှားခဲ့ရတယ်။ အိပ်ငိုက်
ငှက်ဖျားပိုးပါလာတဲ့ စီစီဖလိုင်း(CECE Fly) ယင်ကောင်ရိုင်းတွေ
အကိုက်မခံရအောင် တောထဲမှာ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရဲခဲ့ဘူး။ အိမ်က
ထည့်ပေးလိုက်တဲ့ ရိက္ခာကုန်သွားတော့ တောထဲမှာ ငှက်ပျောသီးနဲ့
အသက်ဆက်ခဲ့ရတယ်။ တောကထွက်လို့ မြို့တွေ၊ ရွာတွေရောက်ရင်
ပိုက်ဆံတပြားတချပ်အတွက်ဖြစ်စေ၊ ထမင်းတနပ်အတွက် ဖြစ်စေ အလုပ်လိုက်ရှာရတယ်။
လူမဲမောင်ပေါက်ကျိုင်း
ရောက်လေရာ
အရပ်မှာ ထမင်း၊ ရေ၊ ပိုက်ဆံ ဆိုတဲ့ စကား(၃)လုံးကို သက်ဆိုင်ရာ
ဒေသခံဘာသာစကားနဲ့ ပြောတတ်အောင် အရင်သင်ရတယ်။ အဲ့သည် စကား(၃)လုံးနဲ့ပဲ
အမြို့မြို့ အရွာရွာမှာ လူအမျိုးမျိုးနဲ့ အဆင်ပြေအောင် ပေါင်းသင်းးပြီး
သူ့ပညာရေး ခရီးကြောင်းကို ဆက်ခဲ့တယ်။ တကြိမ်မှာတော့ တောလမ်းခရီးမှာ
ခရီးဖေါ်တယောက်နဲ့ အတူအိပ်နေတုန်း သူနဲ့ခရီးဖေါ်ကြားကို အဆိပ်ပြင်းမြွေတကောင်
ဝင်ခွေပါလေရော။ ကလေးသာသာရှိသေးတဲ့သူဟာ အလွန်အမင်း ထိန့်လန့်သွားခဲ့ရတယ်။
ဒါပေမယ့် သူကံကောင်းသွားခဲ့တယ်။ သူ့ခရီးဖေါ်ကတော့ သူ့ရှေ့မှာတင်
မြွေကိုက်လို့ ချက်ချင်းသေဆုံးသွားခဲံရတာကို ဝမ်းနည်းတုန်လှုပ်ဖွယ်
ကြုံတွေ့ခဲ့ရသေးတယ်ဆိုပဲ။ ဒီလိုမျိုး ဘေးဆိုးအန္တရာယ် အသွယ်သွယ်၊ အစာရေစာ
ငတ်မွတ်ခြင်းများ၊ သူလူလေးပါးရဲ့ အပြောအဆို အနှိမ်အပြုများကို သူဟာ
တယောက်တည်း ကြံ့ကြံ့ခံ လမ်းလျှောက်လိုက်တာဟာ သူအိမ်ကထွက်ပြီး ၁နှစ်ကျော်
(၂)နှစ်နီးပါး အကြာ ၁၉၆၀ ဇန်နဝါရီလမှာ ယူဂန်ဒါ(UGANDA)နိုင်ငံ၊
ကမ်ပါလာ(Kampala) မြို့ကို ရောက်ခဲ့တယ်။ အဲသည့်အထိကို သူလျှောက်ခဲ့တဲ့
ခြေလျင်ခရီးဟာ မိုင်ပေါင်း(၁၀၀၀)တစ်ထောင်ခန့် ရှိနေပြီ။
ကရင်ထန်းလျက်အိုးတွေ့
ကမ်ပါလာနိုင်ငံမှာရှိနေစဉ်
သူဟာ စာကြည့်တိုက် တတိုက်ကို တွေ့သွားတယ်။ အဲ့ဒီ စာကြည့်တိုက်မှာ သူ့အတွက်
ထားပေးထားသလား အောက်မေ့ရအောင်ကိုပဲ စာအုပ်တအုပ်ကို သူတွေ့သွားတယ်။
စုတ်ပြတ်သပ်နေတဲ့ လက်အစုံနဲ့ တုန်ရင်စွာ စာအုပ်ကြီးကို
သူလျှောက်လှန်ပါတော့တယ်။ သူတွေ့သွားတဲ့စာအုပ်ကြီးက “ အမေရိကန်တက္ကသိုလ်နှင့်
ကောလိပ်များ လမ်းညွှန်စာအုပ်”။ တက္ကသိုလ်ပေါင်း၊ ကောလိပ်ပေါင်း များစွာထဲက
စတားဂျစ်ဗယ်လီကောလိပ် ဆိုတဲ့ အမည်ကို စိတ်ဝင်စားပြီး ကျောင်းလိပ်စာကို
ကူးယူလိုက်တယ်။ ပြီးတော့ အဲ့ဒီကျောင်းမှာ ကျောင်းတက်လိုကြောင်း
လျှောက်လွှာတစ်စောင်ရေးပြီး စာတိုက်ကနေ စာထည့်လိုက်တယ်။ စာသာ
ထည့်လိုက်ပေမယ့် အရမ်းတော့ သူမမျှောင်လင့်ထားဘူး။
ဒီတကျောင်းက ပြန်ဟာမလာရင် နောက်တကျောင်းထပ်လျှောက်မယ် စိတ်ကူးထားတယ်။
ဒါနဲ့ပဲ ကမ်ပါလာမြို့မှာ စတည်းချပြီး ကျောင်းလျှောက်လုပ်ငန်းစဉ်ကို လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။သိပ်ပျော်လိုက်တာ ရင်တောင်တုန်တယ် ပြန်စာ ပြန်စာ....
သူ့ရဲ့
ထက်သန်ပြင်းပြလှတဲ့ စိတ်တန်ခိုးသတ္တိကြောင့်လားတော့ မသိဘူး။ နောက်၂ပတ်
၃ပါတ်လောက်အကြာမှာပဲ သူ့ထံကို USA တံဆိပ်နဲ့ စာတစ်စောင်ရောက်လာတယ်။ သူဟာ
စာအိတ်ကိုတောင် ရုတ်တရက် မဖွင့်နိုင်ဘဲ USAတံဆိပ်ကြီးကို မျက်ရည်တွေကြားက
မှုန်ဝါးစွာကြည့်နေလေရဲ့။ သူ့ မျှော်လင့်ချက်က ရောင်နီထွက်လာပြီကော………..
စာကိုဖတ်လိုက်တဲ့အခါမှာတော့
သူထင်ထားတာထက်တောင် ပိုကောင်းတဲ့ အကြောင်းအရာများကို သူဖတ်ရတယ်။ ကောလိပ်က
သူ့ကို စကောလားရှစ်(Scolarship) လျှောက်ထားနိုင်ခွင့်နဲ့အတူ ကျောင်းစားရိတ်
ဖူလုံစေရန် အလုပ်တခုကိုပါ စီစဉ်ပေးမယ့်အကြောင်း ရေးထားတယ်။ သူ့ရဲ့
ဝမ်းမြောက်မှုဟာ မိုးပေါ်က မဆင်းတော့ဘူးပေါ့။
ဒါပေမယ့်
ဒါပေမယ့်ပေါ့လေ….သူ့ကို ကောလိပ်က လက်ခံလိုက်တာတော့ ဟုတ်ပါပြီ။
သူအမေရိကားကို ဘယ်လိုသွားမလဲ။ အမေရိကားကိုရောက်ဖို့က
မိုင်(၁သောင်း)ကျော်ဝေးနေသေးတယ်။
နောက်ပြီး သမုဒ္ဒရာခြားနေတော့
လမ်းလျှောက်လို့ မရနိုင်တော့ဘူး။ နောက်ပြီး သူအခုမှ သိရတာက အမေရိကားကို
သဘောင်္နဲ့ဝင်လို့မရဘူးဆိုတာကိုပဲ။ သူအခုမှ ကြားဖူးတဲ့ ဝေါဟာရတွေက Passport,
Visa စတဲ့ တရားဝင် စာရွက်စာတမ်းတွေ။
အာဖရိက တတိုက်တည်းမှာတော့
တောလမ်းခရီးကို လမ်းလျှောက်ဖြတ်သန်းခဲ့လို့ရပေမယ့် တိုက်ကြီးတိုက်ကနေ
တတိုက်ကို၊ နိုင်ငံတခုကနေ တခုကို ဖြတ်သန်းလာခွင့် အကူးအသန်းမှာ
ဒီလိုစာရွက်စာတမ်းတွေလိုကြောင်း သူမသိခဲ့ဘူး။
အာဖရိကတိုက်သားပီပီ ကိုယ့်ခြေထောက်နဲ့ကိုယ်လျှောက်ရင် ဘယ်ရောက်ရောက် သွားလို့ရတယ်ပဲ ထင်နေခဲ့တာ။
ဒါပေမယ့်
သူအခုလို နားလည်လိုက်တဲ့ အချိန်မှာပဲ သူ့နိုင်ငံရဲ့ ညာဆာလင်းအစိုးရထံကို
passportလှမ်းလျှောက်တယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ မပြည့်စုံတဲ့အတွက်
အစိုးရက ထုတ်မပေးဘူး။ သူလက်မလျှော့ဘဲ သူနေခဲ့တဲ့ သာသနာပြုကျောင်းက ဆရာ
ဆရာမတွေဆီလှမ်းပြီး အကူအညီတောင်းတယ်။ ပညာသင်ချင်လွန်းလို့ မိုင်ပေါင်း
ထောင်ချီလမ်းလျှောက်ပြီး အခက်အခဲမျိုးစုံကို အသက်ဘေးအထိကျရောက်တဲ့ အထိ
ရင်ဆိုင်ကျော်လွှားခဲ့တဲ့ ကလေးကို မကူညီဘဲ မနေနိုင်ကြတော့ဘူး။ ဆရာဆရာမတွေက
မရရအောင် လိုက်လံဆောင်ရွက်ပေးတဲ့အတွက် နောက်ဆုံးမှာတော့ သူ
passportရသွားတယ်။
လျှောက်ဦးမှာ....
ဒါပေမယ့်
ဒါပေမယ့် ကမ်ပါလာက အမေရိကန်သံရုံးမှာ VISAလျှောက်တဲ့ အခါကျတော့ အမေရိကားကို
အသွားအပြန် လက်မှတ်ခမ၇ှိဘဲ VISAလျှောက်လို့မရဘူးတဲ့။
ဒီတော့
သူဘာလုပ်လဲ။ သူ့ရည်ရွယ်ချက်ကိုတော့ အပျက်မခံနိုင်တဲ့အတွက်
သူလမ်းဆက်လျှောက်တယ်။ အမေရိကားနဲ့ အနီးဆုံးအထိ သူလျှောက်မယ်လို့
ဆုံးဖြတ်လိုက်တယ်။ ဒုတိယမြောက် ခြေလျှင်ခရီးအစမှာ သူ့မှာ ဖိနပ်တရံပါလာတယ်။
ကမ်ပါလာကအထွက်က သူ့မှာ ရှိသမျှနဲ့ ဝယ်လာခြင်းပဲ။ ဒါပေမယ့်
အခုစီးဖို့မဟုတ်ဘူး။ အမေရိကားရောက်လို့ ကောလိပ်ထဲဝင်ရင် စီးဖို့။ သူငယ်ငယ်က
တကိုယ်လုံး အဝတ်မပါလို့ ကျောင်းက ပြန်နှင်လွှတ်လိုက်တာကို သူမမေ့ဘူးလေ။
အမေရိကန်ကောလိပ်ကြီးက ဖိနပ်မပါလို့ သူ့ကို ပြန်လွှတ်လိုက်မှာကို
သူအရမ်းကြောက်နေတယ်။ ဒါကြောင့် ဖိနပ်ကို ကျောပိုးအိတ်ထဲမှာထည့်ပြီး
လမ်းလျှောက်ခဲ့တယ်။
ယူဂန်ဒါကနေ ဆူဒန်(Sudan)ကို လျှောက်တယ်။ လမ်းခရီးမှာ
ထမင်းတနပ်ကျွေးပြီး အလုပ်ခိုင်းတဲ့လူ တွေ့ဖို့အတွက်ကိုပဲ တနေ့ကို
(၂၅)မိုင်၊ မိုင်(၃၀) လမ်းလျှောက်ရတယ်။ ဒီလိုနဲ့ ဆူဒန်နိုင်ငံ Khartoum
(ခါတွမ်) မြို့ကို ရောက်တော့ ၁၉၆၀ခုနှစ် စက်တင်ဘာလ။ လမ်းလျှောက်ခဲ့တဲ့
ခရီးမိုင်ပေါင်းက (၂၅၀၀) လောက်ရှိခဲ့ပြီ။ Khartoum က အမေရိကန်သံရုံးမှာ
ဗီဇာထပ်လျှောက်တယ်။ သံရုံးရဲ့ ဒုတိယကောင်စစ်ဝင်က အမေရိကန်မှာ ပညာသင်မယ့်
ကျောင်းသားအနေနဲ့ အမေရိကားမှာ သူ့ကို တာဝန်ခံမယ့်လူတယောက်ယောက်ကို
ပြနိုင်ရမယ်၊ ကျောင်းစားရိတ်ကုန်ကျခံနိုင်ရမယ်။ မိမိနိုင်ငံကို
ပြန်နိုင်ရန်အတွက် ခရီးစရိတ်ရှာနိုင်ရမယ် စတဲ့ သတ်မှတ်ချက်တွေနဲ့
ညီညွတ်မှသာ ဗီဇာရနိုင်ကြောင်း ပြောတယ်။
ကိုယ်ချင်းစာနာခဲ့ရပြီလေ.......
မိမိစကားကို
နားထောင်အပြီးမှာတော့ ဖိနပ်မပါတဲ့ ခြေအစုံကို တွေတွေကြီး ငုံ့ကြည့်နေသလို
ခေါင်းငိုက်စိုက်ကျသွားတဲ့ လူမည်းလေးရဲ့ အဖြစ်ကို မြင်ရ၊ လူမည်းလေး ဒီကို
ဘယ်လိုနည်းနဲ့ ရောက်အောင် လာခဲ့ရတယ်ဆိုတာကို သိလိုက်ရတဲ့ ကောင်စစ်ဝန်ဟာ
ဘယ်လိုမှ လစ်လျှူရှု့မထားနိုင်တော့ဘဲ သူကိုယ်တိုင်ကိုပဲ အဲသည့် ကောလိပ်ကို
စာတစ်စောင်ရေးတော့တယ်။
စာထဲမှာ လူမည်းလေးကာယီးရားရဲ့
ပညာသင်ချင်လွန်းလှတဲ့ ထက်သန်တဲ့စိတ်ဓါတ်၊ ဇွဲနဘဲကို ထုတ်ဖေါ်ချီးကျူးပြီး
သည်လို လူမျိုးအတွက် ကူညီနိုင်မယ့် နည်းလမ်းများ ရှာကြံကြည့်စေလိုကြောင်း
မေတ္တာရပ်ခံထားတယ်။
ဒီနောက်မှာတော့ စကားဂျစ်ကောလိပ်ရဲ့ တာဝန်ခံများထံကနေ
ကြေးနန်းတစ်စောင်ရောက်လာပါတော့တယ်။ စကားဂျစ်
ကောလိပ်ကျောင်းသားကျောင်းသူများနဲ့ ကောလိပ်တည်ရှိရာ (Mount Vernon)
မြို့လေးမှ မြို့သူမြို့သားများက လူမည်းလေးကာယီးရားရဲ့ အဖြစ်သနစ်ကို
သိရှိကြရပြီး သူ့အတွက် ရန်ပုံငွေပွဲများ ပြုလုပ်ပြီး ငွေရှာကြရာ ဒေါ်လာ
(၁၇၀၀) ခန့်ရရှိကြောင်း ကြေးနန်းမှာ ဖေါ်ပြထားတယ်။
ဒါ့အပြင် ဒီလို
စိတ်ဓါတ်ရှိတဲ့ လူမည်းလေးကို ကောလိပ်တက်နေစဉ်တလျှောက်လုံး
သူတို့အိမ်မှာနေထိုင်ရန်ကိုလည်း Mount Vernon မြို့က မိသားစုတစုက
ဖိတ်ခေါ်တဲ့ စာတစ်စောင်ကိုပါ ပို့ပေးလိုက်ပါတယ်။
လမ်းလျှောက်လူမည်းလေးမှာ
လူကတောင် အမေရိကားမရောက်သေးဘူး၊ သူ့နာမည်က ကောလိပ်မှာ ရေပန်းစားခဲ့ရသလို၊
Khartoum (ခါတွမ်) မြို့မှာလည်း လူသိများသွားတော့တယ်။ သူ့ကို
စိတ်ဝင်စားပြီး စူးစမ်းမေးမြန်း သူများပေါ်ပေါက်လာသလို၊ သူ့ကို တက္ကသိုလ်အထိ
ပညာသင်ကြားပေးရန် တာဝန်ယူလိုသူများလည်း ပေါ်ပေါက်လာခဲ့တယ်။
တနေ့တခြား အမေရိကားဘယ်ရွေ့မလဲ
ဒီလိုနဲ့ (1960)ရဲ့ ဒီဇင်ဘာလ (16)ရက်နေ့မှာတော့ Khartoum (ခါတွမ်) မြို့က ထွက်တဲ့ ဂျက်လေယာဉ်ကြီးပေါ်ကို ကာယီးရားတက်ခဲ့တယ်။
သူ့ကိုယ်ပေါ်မှာ အဝတ်အစားသစ်တစုံနဲ့ ပြီးတော့ ခြေထောက်မှာ ဖိနပ်နဲ့ ။ ဖိနပ်အသစ်နဲ့ပေါ့။
နောက်(၄)ရက်အကြာမှာတော့
၂နှစ်လုံးလုံး သူဖတ်ရှု့ခဲ့တဲ့ စာအုပ်ဟောင်း(၂)အုပ်ကို ကိုင်ပြီး
ကောလိပ်ကျောင်းဝင်းထဲ ဝင်လာတဲ့ လူမည်းလေးကာရီးယားကို
စကားဂျစ်ကောလိပ်ကျောင်းသားကျောင်းသူများက လက်ခုပ်သြဘာသံမစဲအောင်
ဝမ်းသာလှိုက်လှဲစွာ ကြိုဆိုကြလေတော့သည်။ နေအိမ်ကနေ မိုင်ပေါင်း(၁၂,၀၀၀)
ကွာဝေးတဲ့ ခရီးကို မိုင်ပေါင်း (၂၅၀၀)ကျော် လမ်းလျှောက်ပြီး ပညာရှာခဲ့သူ။
မိမိဖြစ်လိုတာကို မရရအောင် အကောင်အထည်ဖေါ်သူ။ ပြင်းပြတဲ့ စိတ်ဓါတ်နဲ့အတူ
ထက်သန်တဲ့ ဇွဲလုံ့လတို့က လွဲလို့ ဘာမှ မရှိသူ။ ဒီလို လူမျိုးအတွက်
ပိတ်ထားသော တံခါးဆိုတာ မရှိနိုင်ပါဘူး။
မိတ်ဆွေ သင်လည်း တခုခုကို
လိုချင်လို့ မရနိုင်ဘူးဖြစ်နေတယ်ဆိုရင် ငါ့ကြိုးစားအားထုတ်မှုများ နည်းနည်း
လိုနေသေးလားလို့ ပြန်ဆန်းစစ်ကြည့်လိုက်ပါဦး။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment